မိတ္ထီလာ ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် အရှည် ၀/၆.၈၂ မိုင်ရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၃ ပေရှိ Slab culvert တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၆၉.၆၅သန်းဖြင့် ဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိပြီး မလှိုင်မြို့နယ် မြို့ကုန်းကျေးရွာတွင် အရှည် ၁/၅ မိုင်ရှိ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၃ ပေရှိ Slab culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေ ၁၃၆.၄၅၆သန်းဖြင့် တင်ဒါအောင်မြင်သည့် ပြည့်ဝကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဝမ်းတွင်းမြို့နယ် ပျားစွဲ(အနောက်)ကျေးရွာတွင် အရှည် ၁/၅ မိုင်ရှိ ကုန်လမ်းဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၃ ပေရှိ Slab culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်ထောင်စုရန်ပုံငွေ ၁၃၁.၉၉သန်းဖြင့် တင်ဒါအောင်မြင်သည့် Myanmar Mew Power ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများပြီးစီးပါက ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်ရောင်းချနိုင်ခြင်းဖြင့် စျေးကောင်းများရရှိပြီး စီးပွားရေးတွက်ခြေကိုက်ကာ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)