သာကေတ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၁၉) ရပ်ကွက်အတွင်းရှိ ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရန်၊ ရောဂါဇစ်မြစ်ကွင်းဆက်ပြတ်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၏ စီမံကြီးကြပ်မှုဖြင့်တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းကာ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီအချိန်က သာကေတမြို့နယ် (၁၉) ရပ်ကွက်အလိုက် သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့များမှ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရေကန်၊ ရေစည်များတွင် Chlorine ဆေးခပ်ခြင်း၊ ရေသန့် ဆေးပြားများဖြန့်ဝေခြင်း၊ ဆေးဖြန်းခြင်း၊ ထုံးဖြူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)