ညောင်ဦး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေး ဘုရားဖူးလာရောက်ဖြစ်ပါက ရွှေစည်းခုံဘုရားဝင်းအတွင်း ကြေးဂူတိုက်လေးခုမှ ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်များကို လေ့လာနိုင်သည်။
အဆိုပါကြေးဂူတိုက်သည် ရွှေစည်းခုံဘုရားကြီး၏ အရှေ့ဘက်ကြေးဂူတိုက် ဂန္ဓကုဋီအတွင်း၌ရှိသော ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်တစ်ဆူရှိပြီး ဘွဲ့တော်မှာ ကကုသန်မြတ်စွာဘုရား၊ တောင်ဘက်ကြေးဂူတိုက်အတွင်းတွင် ကောဏဂုံမြတ်စွာဘုရားအနောက်ဘက်တွင် ကဿပမြတ်စွာဘုရားနှင့် မြောက်ဘက်တွင် ဂေါတမမြတ်စွာဘုရားတို့အား ဖူးမြော်နိုင်ကြောင်း သိရသည်၊
ပဉ္စလောဟာဆင်းတုတော်များကို သာမန်ကြေးသွန်းလောင်း၍ ထုဆစ်ထားခြင်းမဟုတ်ဘဲ ရှေ့တွင်ဖောင်းကြွဖြစ်ပြီး နောက်တွင်အခွက်ပြုလုပ်ထားသည်ကို လေ့လာဖူးမြော်နိုင်မည်ဖြစ်သည်။ အစိတ်အပိုင်းများကို ရပစ်ဖြင့်ဆက်စပ်ထားပြီး ပုဂံခေတ်ဦးပိုင်းကပင် ကြေးခေတ်အတတ်ပညာမှာ မြင့်မားနေပြီဖြစ်ကြောင်း သိရှိလေ့လာနိုင်သည်။ ဦးခေါင်းတော်မှာ ထုထည်ဂင်းပိတ်ဖြစ်သဖြင့် ကြေးသွန်းလက်ရာမှာ ပုဂံခေတ်ကြေးသွန်းပညာရှင်များ၏ အလွန်ကောင်းမွန်သောလက်ရာကို တွေ့ရှိဖူးမြော်လေ့လာနိုင်မည်ဖြစ်သည်။
ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံစေတီတော်ကြီးအား အေဒီ ၁၀၈၉ ခုနှစ်တွင် တည်ထားကိုးကွယ်၍ ပုဂ္ဂလိကကောင်းမှု ပြုလုပ်ခဲ့ကြောင်း မူးမတ်ပြည်သူတို့၏ဆန္ဒအရ ကုသိုလ်ပါဝင်လိုသဖြင့် ပြည်သူတို့၏အလှူငွေကြေးကိုရယူ၍ ဤဂန္ဓကုဋီတိုက်(၄)လုံးကို ထပ်မံဆောက်လုပ်ခဲ့ကြောင်း၊ ငွေကြေးအကူအပံ့ခံ၍ ဆောက်လုပ်ခဲ့သဖြင့် ကြေးဂူတိုက်ဟု ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။ စေတီတော်ကြီး၏ လေးမျက်နှာရှိ နတ်လမ်းလှေခါးနှင့် တည့်တည့်နေရာများတွင် ကြေးဂူတိုက်(ခေါ်)ကွန်းတောင်ပေါက် ဂန္ဓကုဋီတိုက်လေးခုကို စေတီတော်ကြီးနှင့်တစ်ပြိုင်တည်း တည်ဆောက်ခဲ့ကြောင်း၊ ကြေးဂူတိုက်လေးလုံးအတွင်းတွင် ဉာဏ်တော်(၁၂)ပေစီရှိ ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်လေးဆူကို တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပဉ္စလောဟာဆိုသည်မှာ ရွှေ၊ငွေ၊ကြေး ၊ ခဲဖြူ၊ခဲမဲ၊ သတ္တုငါးမျိုးဖြင့် ရောစပ်ထားသောသတ္တုဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိခဲ့ပါက ရွှေစည်းခုံဘုရားဖူးမြော်ပြီး ကြေးဂူတိုက်လေးခုအတွင်းရှိ ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်များကိုလည်း ဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း