ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခွန်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၂၆

ကချင်ပြည်နယ်အတွင်း ကောက်ခံလျက်ရှိသည့် အခွန်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များအနေဖြင့် အခွန်တိုးတက်ရရှိရေး၊ ဌာနအလိုက် လုပ်ငန်းကဏ္ဍအလိုက် ဘက်စုံဒေါင့်စုံက အခွန်ရရှိရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ထားသည့် အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခြင်းနှင့် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိခြင်းတို့သည့် လုပ်ငန်းများ ဆက်စပ်နေသော ဌာနဆိုင်ရာများ၊ လုပ်ငန်းအဖွဲ့အစည်းများ၏ သတင်းအချက်အလက်များပံ့ပိုးခြင်း၊ ပေါင်းစပ်ကူညီခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် အခွန်၏အခြေကို ချဲ့ထွင်နိုင်ရေး အခွန်ကောက်ခံသည့် ဌာနတစ်ခုထဲလုပ်ဆောင်၍ မအောင်မြင်နိုင်သည့်အတွက် အားလုံးက အစဉ်တစ်စိုက် ကူညီထောက်ပံ့ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက အခွန်အရပ်ရပ်ဆိုင်ရာ လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအတွက် အထောက်အကူအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတာဝန်များနှင့် လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးတင်‌မောင်ဆွေက ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ကချင်ပြည်နယ်အတွင်း ကောက်ခံလျက်ရှိသည့် အခွန်ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာနှစ်အလိုက် လျာထားချက်အပေါ် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် အထောက်အကူပြုအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အခွန်အကောက်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိရေး၊ အခွန်ထမ်းသစ်များ ကွင်းဆင်းဖော်ထုတ်ရေး၊ သတ်မှတ်ပြဌာန်းချက်များနှင့် အခွန်ကို တွက်ချက်စည်းကြပ်နိုင်ရေး၊ လုပ်ငန်းရှင်အသင်းအဖွဲ့များကလည်း အခွန်ပေးဆောင်ထိုက်သူများအား ဥပဒေနှင့်အညီ ပေးဆောင်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)