မိုင်းဆတ် ဇူလိုင် ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက အ.ထ.က (ခွဲ၊ လ-၂) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်နေစဉ် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူကြရန်၊ ပြင်ပဗဟုသုတရရှိစေမည့် စာပေများကို ဖတ်ရှုလေ့လာကြရန်၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃) မိုင်းဆတ်မှ ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးခံရသူများ ကြုံတွေ့ခံစားရသည့် ဒုက္ခအခက်အခဲများ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများနှင့် လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုး အသိပညာပေး နံရံကပ်စာစောင်၊ သက်ငယ်မုဒိမ်းကင်းစင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
မြင့်မောင်(မိုင်းဆတ်)