မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ်နှင့် ဥပဒေပြဌာန်းချက်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမရပူရမြို့နယ်၊ အမှတ်(၈၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်မင်းသူက ယာဉ်အန္တရာယ်ဖြစ်စေသည့် အဓိကအကြောင်းအရာများဖြစ်သည့် ယာဉ်မောင်းများ၏ပေါ့ဆမှုများ၊ ရာသီဥတုအခြေအနေများနှင့် လမ်းအနေအထားများကိုလည်းကောင်း၊ ယာဉ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ယာဉ်မောင်းနှင်စဉ် ခါးပတ်ပတ်ထားရန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ စီးကြရန်၊ မေးသိုင်းကြိုးကို စနစ်တကျတပ်ဆင်ထားကြရန်၊ ခြေလျင်လျှောက်သူများ လိုက်နာရမည့်အချက်များ၊ မီးပွိုင့်များ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ယာဉ်ကြောများ၏ သတ်မှတ်ချက်များ၊ ယာဉ်မောင်းလိုင်စင်ကိစ္စရပ်များ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဟောပြောပေးပါသော ရဲအုပ်ကျော်မင်းသူအား ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးခင်မြို့က အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၀ ဦး တက်ရောက်ကြောင်း သိရသည်။

စိုးသီဟ(အမရ)