မြိတ်မြို့တွင် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်

မြိတ် ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ စွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရှေးဦးပြုစုခြင်း(နည်းပြ) သင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။  

ရှေးဦးပြုစုခြင်းပညာရပ်များသည် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ၏ အဓိကနှင့်အခြေခံအကျဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ်ပညာရပ်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း အကြောင်းအမျိုးမျိုးကြောင့် မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများနှင့် အရေးပေါ်အခြေအနေတွင် လူနာများကို ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ မပို့ဆောင်မီ လူနာအခြေအနေ ပိုမိုမဆိုးရွားစေရန်နှင့်အသက်ကယ်သည့် အတတ်ပညာဖြစ်ပြီး ဆေးရုံမရောက်မီ လူနာတင်ယာဉ်ပေါ်တွင် ပြုစုစောင့်ရှောက်ပေးရသည့် အသက်ကယ်ပညာဖြစ်သည့်အတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် တည်ရှိနေခြင်းဖြစ်သည်။

သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲအသီးသီးမှ စွမ်းဆောင်ရည်ပြည့်ဝသော ရှေးဦးပြုစုခြင်း နည်းပြများ မွေးထုတ်ပေးနိုင်ရေး၊ နည်းပြဆရာများမှတဆင့် ပြည်သူလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားစေရေး၊ ဆင့်ပွားသင်တန်း တက်ရောက်ကြမည့်ပြည်သူများ မိမိတို့ရပ်ရွာအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေး၊ သင်တန်းများမှတဆင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွားလာစေရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ အန္တရာယ်ကင်းစွာ သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ရှေးဦးပြုစုခြင်းသဘောတရားနှင့်အတွေးအခေါ်၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကို ထိန်းချုပ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတိလစ်မေ့မျောခြင်းနှင့် စိတ်ချရသော ဘေးတစောင်းအနေအထား၊  အရိုးအဆစ်နှင့် ကြွက်သားဒဏ်ရာပြုစုနည်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုတ်ခြင်း၊ ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမဒဏ်ရာ၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းနှင့် ဆို့နင်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း ဒဏ်ရာ၊ အရေးပေါ်ကလေးမွေးဖွားခြင်း၊ လူနာစနစ်တကျ မယူသယ်ဆောင်ခြင်း၊ ပတ္တီးစည်းနည်းနှင့် လူနာသယ်ဆောင်နည်း စသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထိုနောက် တနင်္သာရီတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်(၂၃)ရက်မှ (၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)