တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

တာမွေ ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကလိုရင်းဆေးရည်များ လိုက်လံခတ်ပေးခြင်း၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးပိုစတာများ ကပ်ထားကြေညာခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ မြို့နယ်အတွင်းရှိ စျေးများနှင့် အစားအသောက်ရောင်းချသည့်ဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချကြရန်၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြပြီး အများသုံးရေလှောင်ကန်များအတွင်း ကလိုရင်းဆေးရည်များ လိုက်လံခတ်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ (၂၁)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ(၁၄)ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ(၇)ဦးရှိကြောင်းနှင့် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)