သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များထက်ပိုမို ဈေးကောင်းရရှိ

သံတောင်ကြီး ဇူလိုင်  ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြင့် ဉယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကွမ်းသီးများသည် နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်ပြီး ဆောင်းတွင်းအချိန် ကွမ်းသီးများရင့်မှည့်မှသာ ခူးယူလုပ်ကိုင်ရောင်းချကြသော်လည်း ယခုဇူလိုင်လတွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များ ထက်ပိုမိုဈေးကောင်း ရရှိခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူများက ကွမ်းသီးနုများ ခူးယူရောင်းချကြကြောင်း သိရသည်။

ကွမ်းသီးနုများကိုခူးယူရာတွင် အပင်ပေါ်တက်၍   အခိုင်လိုက်ဖြတ်ကာ မြေကြီးပေါ်သို့မပြုတ်ကျစေရန်ဂရုတစ်စိုက်ခူးယူရပြီး တစ်လုံးချင်းပြန်လည် ချွေပေးရသည်။ ကွမ်းသီးအနုများကို အဝိုင်းနှင့်အချွန်ဟူ၍ နှစ်မျိုးရှိသော်လည်း အချွန်များကိုသာ ဝယ်ယူလျက်ရှိသည်။ ယခုအချိန်တွင် ကွမ်းသီးနုတစ်လုံးကို ကျပ် (၆၀)မှ ကျပ်(၉၀)ထိ ဈေးနှုန်းရရှိပြီး ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ထိသာရရှိသော်လည်း ကွမ်းသီးနုတစ်ပိဿာလျှင်ကျပ် (၉၀၀၀)ထိ ဈေးနှုန်းရရှိပြီး ကွမ်းသီးခြောက်ထက် ပိုပြီးဈေးကောင်းရရှိလျက်ရှိကြောင်း ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးသာဝါးထံက သိရသည်။

နော်နော်မူ