တာချီလိတ်မြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

တာချီလိတ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ရပ်ကွက်/ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက စာကြည့်ပညာသင်တန်းဖွင့်လှစ်ခြင်းနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်တို့က ကျေးရွာစာကြည့်တိုက်များအတွက် သုတရသစာအုပ် (၈၂၀)အုပ်ကို ပေးအပ်လှူဒါန်းသည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူး (၃၉)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)