မိုင်းကိုင် ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်သို့ နေရပ်စွန့်ခွာရောက်ရှိနေသော ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆန်၊ ဆီစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက မိုင်းကိုင်မြိုနယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူကျောင်းဆရာတော် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒကြွရောက်ကာ ဩဝါဒဂါထာတော်မြွက်ကြား ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ကြွရောက်လာကြသော လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူကျောင်းဆရာတော်နှင့် သံဃာတော်ငါးပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦးနှင့် ဌာနဆိုင်ရာများကဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းပြီးနောက် နေရပ်စွန့်ခွာရောက်ရှိနေသောပြည်သူ (၂၁၀) အိမ်ထောင်စု၊ လူဦးရေစုစုပေါင်း (၁၂၂၄)ဦးတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်လာသော (၁၅)ရက်စာ ၂၄ ပြည် ဆန်(၁၉၁)အိတ်၊ ဆီ ၂၁၀ ပိဿာတို့ကိုလည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်စေတနာရှင်အလှူရှင်များမှ လှူဒါန်းသောအလှူငွေ(၁၀)သိန်းကျပ်တို့ကိုလည်းကောင်း လွှဲပြောင်းပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများနှင့်တာဝန်ရှိသူများက လက်ခံရယူပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ထို့နောက် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူကျောင်းဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နေရပ်စွန့်ခွာရောက်ရှိနေသောပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး စားဝတ်နေရေး၊ ကျန်းမာရေးအဆင်ပြေချောမွေ့စေရန်အတွက်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)