ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဒဂုံတက္ကသိုလ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်

ဒဂုံအရှေ့ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြသစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲနိုင်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဆဋ္ဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့်ဇနီးတို့ကဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့က သစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ စိုက်ပျိုးသည့် သစ်မျိုးများမှာ ခရေ၊ ငုရွှေဝါ၊ မအူ၊ ပျဥ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ယူကလစ်၊ မဟော်ဂနီ သစ်မျိုး ၁၁ မျိုး စုစုပေါင်း ပျိုးပင်(၅၀၅၈)ကျော် စိုက်ပျိုးခဲ့ကြကြောင်းနှင့် အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ စုစုပေါင်းတက်ရောက်အင်အား (၂၂၅၀)ဦးတို့ကစုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ