ဒဂုံအရှေ့ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါတားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၇) ရပ်ကွက်အတွင်း အဖွဲ့(၅)ဖွဲ့ခွဲပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် နေအိမ်သို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၇)ရပ်ကွက်တွင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားခဲ့သည့်လူနာ နေအိမ်နှင့် ဘေးပတ်ဝန်းကျင်နေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ မြို့နယ်စည်ပင်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး Doxycycline ဆေးတိုက်ခြင်း၊ ကလိုရင်းဆေးဖြန်းပေးခြင်း၊ ထုံးဖြူးခြင်း၊ ဆေးခတ်ခြင်းနှင့် ဆက်လက်ကူးစက်ပျံ့နှံ့မှုများ မရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်ထန်းဝမ်းပျက်ဝမ်းလျှောကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်း၊ ဗွီနိုင်းချိတ်ဆွဲခြင်း၊ ထုံးဖြူးခြင်း၊ ကလိုရင်းခတ်ပေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ