မြစ်ကြီးနား ဇူလိုင် ၂၂
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမတည်ငွေများ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်အတွင်း လေဆိပ်ဝင်းမျက်နှာစာရှိ မြေကွက်လပ်၌ သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ စစ်ဗျူဟာ(အခြေချ)ပူတာအို ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာကြသူများအား ပျိုးပင်များကို ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများထံ ဖြန့်ဝေပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပျဉ်းကတိုး၊ ရေပိတုန်း၊ သစ်အယ်၊ တောင်တမာနှင့် လောက်ယား ပျိုးပင်ပေါင်း ၅၅၀ ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်စိုက်ပျိုးပွဲ တက်ရောက် လာသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ သစ်ပင်စိုက်ပျိုးတက်ရောက်လာသူများအား သစ်တောဦးစီးဌာန ပျိုးခြံအတွင်း ပြုစုပျိုးထောင်ထားသည့် ပျိုးပင်ပေါင်း (၆၅၀)အား ဖြန့်ဝေပေးအပ် ခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတောင်းကျေးရွာသို့ သွားရောက်ပြီး အဆိုပါ ကျေးရွာအတွင်း မွေးမြူရေးတောင်သူဦးရေ(၄၀)ဦး အစုအဖွဲ့ဖြင့် နေအိမ်ခြံဝင်းများအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ်သိန်း ၂၀၀ ဖြင့် ဝက်မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများ၊ အာဟာရ ဖြည့်စွက်အစာ များနှင့် ခြံဖြန်းပိုးသတ်ဆေးများ၊ စစ်ဗျူဟာ(အခြေချ)ပူတာအိုရှိ နွားမွေးမြူရေးခြံအတွက် အလားတူ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ပေးအပ်သည့် ဆေးဝါးပစ္စည်းများနှင့် အာဟာရ ဖြည့်စွက်စာများ နည်းစနစ်ကျ သုံးစွဲကျွေးမွေးနိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက်အဆိုပါကျေးရွာအတွင်းရှိ ပူတောင်းကွင်း မိုးစပါးစိုက်ပျိုးဧရိယာ ၄၀၀ ကျော်ရှိသည့်အနက် ကွင်းအမှတ် (၃၂)၊ တောင်သူ ဦးအကူးဒီး၏ လယ်၌ စိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ အထွက်တိုးမျိုးသန့်စပါးခင်းအား စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံတောင်သူတို့၏ သဘာဝဓာတ်မြေသြဇာ တောင်သူအသိပညာပေး သရုပ်ပြကျဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မန်စေကျေးရွာအုပ်စု၊ ဝါးဆာကျေးရွာသို့သွားရောက်ပြီး ကျေးရွာခန်းမ၌ အဆိုပါကျေးရွာနှင့် ဖန်ခိုင်ကျေးရွာတို့မှ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပကာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့ပေးလျက်ရှိသည့်အပြင် (၃)နှစ်အတွက် ဆန်ဖူလုံရေးအတွက် မျိုးသန့်စပါးမျိုးစေ့များကို လည်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ သို့မှသာဒေသတွင်း စားနပ်ရိက္ခာဖူလုံလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံတောင်သူများအနေဖြင့် ဒေသအကျိုး၊ မိမိတို့မိသားစုအကျိုးအတွက် ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည့် နည်းစနစ်ကျ စိုက်ပျိုးနည်းလမ်းများ၊ ရန်ပုံငွေများကို ရင်းနှီး မတည်ဖြည့်ဆည်းပေးခြင်းဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း အလျင်အမြန် စားရေရိက္ခာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနက ပူတာအိုခရိုင်အတွင်း စနစ်ကျစက်မှုလယ်ယာမြေများ ဖော်ထုတ်ပေးခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လယ်မြေဧက (၃၇၅)ဧက ဖော်ထုတ်ပေးနိုင်မှု အခြေအနေများနှင့် ဝါးဆာကျေးရွာအတွက် စနစ်ကျစက်မှုလယ်ယာ မြေဧက ၁၀၀ ဖော်ထုတ်လျက်ရှိရာ ဧက ၅၀ ဖော်ထုတ်ပြီးမှု၊ ဆက်လက် ထုတ်ဖော်ပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းက ခရိုင်အတွင်း ၂၀၂၄ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ စိုက်ပျိုးစရိတ် ထုတ်ချေးပြီးစီးမှု အခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် မတည်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ခဲ့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်ကျေးရွာနှစ်ရွာ ကိုယ်စားပြုတောင်သူများက လယ်ယာမြေများ ထပ်မံတိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် တံတားပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း(၂၈)ရွာ၊ အိမ်ခြေ(၂၀၅၆)အိမ်၊ လူဦးရေ (၁၁၉၄၁)ဦးတို့အား အကျိုးပြုသည့် အပြင် ကျေးရွာစိုက်ပျိုးရေးထုတ်ကုန်များ လျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် ပူတာအို-လယ်မယ်ဝါဂျီ-နမ်ရှည်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင်)ပတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လမ်းတစ်လျှောက် မော်တော်ယာများပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆလောဒီ(၂)-မလိရိမ်လမ်းဘေးရှိ ရှင်းလင်းဆောင်နှင့် စီမံကိန်းကြီးကြပ်ရးဆောင်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်ချက်များ အမြန်ဆုံးဖြည့်စွက်ပြုပြင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း အဦးဆုံးထည်ထောင်ပေးခဲ့သော ဆန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်ပိုင် ဆန်း ဆန်စက်ရုံသို့သွားရောက်ပြီး ပူတာအိုဒေသနေပြည်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် အသင်းဥက္ကဋ္ဌ မြို့မိမြို့ဖ ဦးရယ်ဒမ်းတန်က ပြည်နယ်အစိုးရအဖွဲ့ထံ ဆန်အိတ်(၅၀) လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)