မောက်မယ်မြို့နယ်တွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

မောက်မယ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ရေသွင်းစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်မှ တောင်သူများသည် ယခင်နှစ်များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ဆင်းရတနာ−၁၄ နွေနှမ်းများ စမ်းသပ်စိုက်ပျိုးပြသခဲ့ရာ စတင်စိုက်ပျိုးချိန်မှ ရက် (၉၀) မှ ရက် (၁၀၀) အတွင်း သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြသည်။

ယခင်နှစ်များက သီးနှံများတိုးချဲ့စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျင် မိုးစပါးကိုလည်းကောင်း၊ ယာမြေများတွင် မိုးကြိုနှမ်းစိုက်ပျိုးပြီးလျင် ပဲတီစိမ်း(သို့) ဆောင်းပဲပုတ်သော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ မူလသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများစိုက်ပျိုး ချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ−၁၄ နွေနှမ်းမျိုးအား တောင်သူများက ရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်း၍ နွေနှမ်းထွက်ရှိနှုန်း ကောင်းမည်ဖြစ်ကြောင်း မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်နေ ဦးကေလာထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)