ဒလမြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်( ၁၁) အခြေခံပညာမူလတန်းကျောင်း မျိုးမြန်မာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒလမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်နိုင်လင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရခြင်း အကြောင်းအရင်းများနှင့် သဲကန္တာရတိုက်ဖျက်ရေး မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပျက်စီးယိုယွင်းသည့် အကြောင်းအရင်းများ၊ အကျိုးသက်ရောက်မှုများ၊ ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ အသိပညာပေးဗွီဒီယိုပြသခဲ့ပြီး ပလတ်စတစ်အသုံးပြုမှုလျော့ချခြင်းဖြင့် ပတ်ဝန်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်နှင့် ပလတ်စတစ်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများနှင့် သက်ဆိုင်သည့် မေးခွန်းများကို ကျောင်းသားကျောင်းသူများအား မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြေယာပြန်လည်ပြုပြင်ခြင်း ဆိုင်ရာလက်ကမ်းစာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးစစ်ကြောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၃၀) ဦး တက်ရောက်ခဲ့ကြသည်။

အေးမြမိုး (ပြန်/ဆက်)