ပုဇွန်တောင် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အခမ်း အနားများကို စေတီတော်ရင်ပြင်ရှိ သာသနာ့ဇောတိကဓမ္မာရုံတွင် ယနေ့နံနက် ၅ နာရီမှစတင်၍ ကျင်းပသည်။ နံနက် ၅ နာရီတွင် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့နောက် မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီအချိန်တွင် သီလပေးတရားပွဲ၊ နေ့လယ် ၁ နာရီအချိန်တွင် နေ့တရားပွဲများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နေ့လယ် ၃ နာရီအချိန်တွင် (၆၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့)ရေစက်ချမင်္ဂလာခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာ တော်များ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမင်းဟန်၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓ ဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက်တည်ကြပြီးနောက် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရခြင်းအကြောင်း အကျဉ်းလျှောက်ထားသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တယဉာဏိဿရထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ယနေ့ ဝါဆိုလပြည့်နေ့မှစ၍ လပြည့်၊ လကွယ်နှင့် ဝါတွင်းကာလဥပုသ်နေ့များတွင် စေတီတော် ရင်ပြင်ရှိ သာသနာ့ဇောတိကဓမ္မာရုံ၌ ဆရာတော်ကြီးများက အပတ်စဉ် သီလပေးတရားနှင့် နေ့ခင်းတရားများ ချီးမြှင့်မည်ဖြစ်ပါ၍ တရားနာကြွရောက်ကုသိုလ်ယူနိုင်ကြောင်း သိရသည်။
ဟန်စုယဉ်