မြောက်ဥက္ကလာပ ဇူလိုင် ၂၀
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်သော ဓမ္မစကြာအခါတော်နေ့၊ နေ့ထူးနေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီ၌ ယနေ့နံနက်(၆)နာရီကစ၍ ဝါဆိုလပြည့်နေ့ ဓမ္မာစင်္ကြာရွတ် ဖတ်ပူဇော်သူများ၊ ဥပုပ်သီလစောင့်တည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ မယ်လမုစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ အာရုံခံ တန်ဆောင်းကြီးများတွင် တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြု၊ ဆုတောင်းနေကြသည့် ဘုရားဖူးပြည်သူများ၊ ဥပုပ်သီလ စောင့်တည်သူများနှင့် စည်ကားလျက်ရှိပြီး အလှူရှင်များမှ အအေးနှင့်မုန့်များအား ဘုရားဖူး သူပြည်သူများအား စတုဒိဿာအလှူအဖြစ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့မယ်လမုစေတီတော်မှာ ဘုရားဖူးသူပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် လုံခြုံရေးများချထားပေးခြင်းနဲ့ ဘုရားဖူးခြင်းအပြင် စာအုပ်/စာစောင်များ လေ့လာဖတ်ရှုနိုင်စေရန် အရှင်အာနန္ဒာစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထား ပေးပါတယ်၊ ဘုရားကိုလည်း နံနက် ၆ နာရီမှည ၈ နာရီအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မယ်လမုဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို သိရသည်။
မြမြဝင်း(ပြန်/ဆက်)