မြို့နယ်လုံးကျွတ် တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်း၍ မြို့နယ်လုံးကျွတ် တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ နာရီက ဟိုခံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၊ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု) ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရနှင့် ဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်ဇနီး ဒေါ်အေးအေးနွယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် ခေတ္တတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်က ကာလဒါနဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာမြွက်ကြားသည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်ထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ခေတ္တတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့မိမြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်နှင့် သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဋိလက အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်၊ ဗောဓိရွှေညောင်ပင်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ကုသိုလ်ပြုသူများ၊ တရားဘာဝနာအားထုတ်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)