ငါန်းဇွန်မြို့နယ်၌ ဝါဆိုလပြည့် ဗုဒ္ဓအခါတော်နေ့တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်

ငါန်းဇွန် ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်အတူ သီလခံယူခြင်းနှင့် ကုသိုလ်ကောင်းမှုများကို ယနေ့နံနက်(၉)နာရီအချိန်က ဝါဆိုလပြည့် ဗုဒ္ဓအခါတော်နေ့တွင် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် သီလပေးဓမ္မာရုံများတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလခံယူဆောက်တည်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်ရှိ မြို့ပေါ်ဘုန်းကြီးကျောင်း(၁၉)ကျောင်းနှင့် သီလပေးဓမ္မာရုံများတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလခံယူဆောက်တည်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ အမှတ်(၄)ရပ်ကွက် လောကချမ်းသာဓမ္မာရုံဝန်းအတွင်းရှိ လောကချမ်းသာဓမ္မာရုံတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ရှစ်ပါးသီလခံယူဆောက်တည်ခြင်းများကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ရှစ်ပါးသီလခံယူပွဲတွင် ငါန်းဇွန်မြို့၊ ကျောင်းသစ်အရှေ့တိုက် ဆရာတော် ဉူးကုသလထံမှ ရှစ်ပါးသီလများခံယူကြပြီး အများကောင်းမှုဖြင့် လှူဒါန်းသော အလှူငွေ (၁၇၀၀၀၀)ကျပ်နှင့်အတူ ဝါဆိုသင်္ကန်း(၂)စုံ၊ ဆန်(၁)အိတ်နှင့် လှူဖွယ်ပစ္စည်းအစုံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များမှပေါင်းစု၍ သီလခံယူဆောက်တည်ကြသော ယောဂီသူတော်စင်အပေါင်းတို့အား မုန့်ဟင်းခါးများဖြင့် စတုဒိသာကျွေးမွေး ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သီလခံယူဆောက်တည်ပွဲများကို လောကချမ်းသာဓမ္မာရုံတွင် မြို့ပေါ်မှဘုန်းကြီးကျောင်း (၁၉)ကျောင်းတို့ရှိ ဆရာတော်သံဃာတော်များအား အလှည့်ကျပင့်ဖိတ်၍ ဝါတွင်းသုံးလပတ်လုံး လပြည့်လကွယ်ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဟုလည်း သီလကျင်းပရေးဂေါပကများထံမှ သိရသည်။

 ကိုကိုနိုင်(ပြန်/ဆက်)