ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဒဂုံအရှေ့ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့်  အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊ အနီးပတ်ဝန်းကျင် ထုံးဖြူးပေးခြင်း၊ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားခတ်ပေးခြင်းများကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပါဝင်သောအဖွဲ့တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ