မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/လူမှောင်ခိုနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ကျောင်းအခြေပြုလူကုန်ကူးမှု/လူမှောင်ခိုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး သိန်းထိုက်အေးက လူမှောင်ခို/လူကုန်းကူးမှုဖြစ်စဥ်များနှင့် ဖြစ်ပွားစေသည့်အကြောင်းအရင်းများ၊ လူကုန်ကူးမှုဖြစ်ပွားပါက ချမှတ်နိုင်သည့်ဥပဒေ၊ နည်းဥပဒေများ၊ လူကုန်ကူးမှုမခံရစေရေး သတိထားရမည့်အချက်များနှင့် အမှတ် (၂) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် သောင်းရွှေက ကလေးသူငယ်များဆိုင်ရာအခွင့်အရေးများ၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဥပဒေများ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကလေးသူငယ်များအပေါ် အင်တာနက်မှတဆင့် နည်းမျိုးစုံဖြင့် အမြတ်ထုတ်ခြင်းနှင့်အလွဲသုံးခြင်းတို့မှ အကာအကွယ်ပေးရေးဆိုင်ရာ အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသိပညာ‌ပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ပြီး ဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်၊ အမှတ်(၂)နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအိုက်သဲနှင့် ဆရာ/မများ ကျောင်းသား/သူများ အင်အား(၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)