မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၀

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက်၉နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲများကျင်းပရာတွင် (Community Centre) ဘက်စုံသုံးခန်းမ၌ အထက်တန်းနှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို “ဇူလိုင်(၁၉)မျက်ရည်မိုး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄၀) ဦးတို့ကလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌  ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့်‌ကျောင်းသား/သူ (၂၀) ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားကာ ဆုရရှိသည့်ကျောင်းသား/သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား/သူများက ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)