ဒဂုံအရှေ့ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးသိတတ်ရန်၊ ကျေးဇူးဆပ်ရန်၊ နောင်အနာဂတ်တွင် ပိုင်စိုးမည့်သူများဖြစ်သည့်အတွက် ကျောင်း၏ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်၊ အများအကျိုး သယ်ပိုးဆောင်ရွက်သူများ ဖြစ်စေရန်၊ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် သူများဖြစ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့တသ ဂုဏ်ပြုသောအားဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၁မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီးမေလှမြိုင်၏ အလေးပြုပါသည်သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်အေးက အာဇာနည်တို့၏ ဂုဏ်ရည်ခေါင်းစဥ်ဖြင့် အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများကို ပြောကြားကာအမေးအဖြေများ မေးမြန်းကာ အဖြေမှန်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့မမေ့သင့်ပေ၊ မမေ့အပ်သော ၁၉ ဇူလိုင်၊ ၁၉ ဇူလိုင်မေ့ပါနိုင် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုခဲ့ကြပြီး ကျောင်းသား/သူ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသီချင်းဖြင့် သီဆိုခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ