တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ် ဇူလိုင် ၁၉

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲများကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လာမည်နှစ်တွင် ပုံမှန်ပြုလုပ်ကျင်းပလျက်ရှိသည့်အချိန်တွင် ကျင်းပနိုင်ရေးအတွက် ကြိုတင်ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း ပြုလုပ်ကျင်းပမည့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသားအားကစားပွဲတော်ရှိ သည့်အတွက်အားကစားပွဲတော်နှင့် ဆိုကရေးတီးလုပ်ငန်း(၂)ခုရှိသောကြောင့် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဆိုကရေးတီးနှင့်ပတ်သက်၍ အဓိကအနေဖြင့် ပညာပိုင်းဆိုင်ရာပြိုင်ဆိုင်ရခြင်းဖြစ်သည့်အတွက်ကြောင့် ပြိုင်ပွဲဝင်များအား ကြိုတင်စုဆောင်းနိုင်ရန်၊ လေ့ကျင့်သည့်အပိုင်းတွင်လည်း ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ယခင်ကပညာရှင်များပေါ်ထွန်းခဲ့ပြီး ယခုအခါတိမ်ကော ပျောက်ကွယ်လုနီးပါးဖြစ်နေသောကြောင့် ဆိုကရေးတီးပညာရှင်များ ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထားဝယ်ဒေသတွင် ဇာတ်သဘင်နှင့် ရုပ်သေးပညာရှင်များ ရှားပါးလာသောကြောင့် အခက်အခဲရှိသည့်အတွက် ပညာရှင်များရှာဖွေစုဆောင်းပြီး တိုင်းဒေသကြီး အတွက် ဆောင်ရွက်နိုင်အောင် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ယခင်က အစဉ်အလာရှိခဲ့သော ပညာရှင်များနှင့်ဆက်စပ်၍ ရှာဖွေရန်၊ နေပြည်တော်တွင် သွားရောက် ယှဉ်ပြိုင်သည့်အခါတွင် တိုင်းဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်ရန်လည်းလိုအပ်ကြောင်း၊ တက်ရောက် လာသော ပညာရှင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပြီး အကြံဉာဏ်များပေးရန်နှင့် အခြေခံရှိသူများကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲစိစစ်ရွေးချယ်ရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဧည်ခံ ကျွေးမွေးရေးစသည့်လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)