ဗိုလ်တထောင် ဇူလိုင် ၁၈
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်က မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ အခြေခံပညာဦးစီးဌာနမြို့နယ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးမျိုးဝင်းရှိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အာဇာနည်နေ့အကြောင်း သိကောင်းစရာအကြောင်းဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းမှူး ဒေါ်အေးချမ်းမိုးက ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးသန်ဌေးက လူငယ်နှင့်အားကစားအကြောင်း အသီးသီးဟောပြောကြကြောင်း သိရှိရသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်တို့က ပြင်းထန်ဝမ်းပိက်ဝမ်းလျောရောဂါအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆေးကုသပေးခြင်း၊ ကျောင်းအတွက် တိုင်းရင်းဆေးများ လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် မှတ်သားစရာနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအား စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။
ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကာမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)