တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ကျေးရွာများအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျွဲနွားအစာအိတ်ဖြန့်ဝေမှုအခမ်းအနား ကျင်းပ

တောင်သာ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ကျေးရွာများအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျွဲနွားအစာအိတ် (၁၇၅)အိတ် ဖြန့်ဝေမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြစ်ရေဝင်ကျေးရွာများဖြစ်သော သာယာအေးကျေးရွာ၊ ငါးပင်စင်ကျေးရွာ၊ ကျောဇီကျေးရွာ၊ ကန်တော်ကျေးရွာ၊ အောင်ဇဗ္ဗူကျေးရွာ၊ သာပေါင်းကြီးကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ရသစ်ကျေးရွာ၊ ရဘဲကျေးရွာ၊ ရွာလေးကုန်း ကျေးရွာ၊ ဆင်မင်းကျေးရွာ၊ ကျွန်းကြီး(တ)ကျေးရွာ၊ ကျွန်းကြီး(မ)ကျေးရွာများမှ ကျွဲ (၄၃၁)ကောင်၊ နွား (၁၃၀၀) ကောင်တို့ကို ရေလွတ်ရာ တာဘောင်ပေါ်သို့ ပြောင်းရွေ့ခဲ့ပြီး ထိုသို့ပေးအပ်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန်းဝင်းနှင့်ဝန်ထမ်းများမှ ကျွဲနွားအစာအိတ် စုစုပေါင်းတန်ဖိုးငွေ (၇၀၀၀၀၀၀)ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)