ကျောက်ဆည် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများ သိရှိစေရန်၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးတရားကို အောက်မေ့သတိရစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြိုင်ပွဲများကျင်းပပြုလုပ်ရာ၌ စာစီစာကုံးပြိုင်ပွဲတွင် “လူငယ်နှင့်အာဇာနည်စိတ်ဓာတ်”၊ ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် (၉) ဦး အာဇာနည်”၊ ပန်းချီပြိုင်ပွဲတွင် “(၁၉)ဇူလိုင်မမေ့နိုင်” စသည့် ခေါင်းစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အတန်းများမှ ကျောင်းသား/ကျောင်းသူ(၃၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော စာမူများကို ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် စာပေပညာရှင်များမှ စိစစ်၍ ပထမ၊ ဒုတိယ၊ တတိယဆုများရွေးချယ်ကာ ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်ပပြုလုပ်ခြင်းဖြင့် ကျောင်း သား/ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း၊ စာပေမှ အသိပညာဗဟုသုတများ ရှာဖွေတတ်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝပြီး ထူးချွန်ထက်မြက်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)