မြစ်ကြီးနား ဇူလိုင် ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မြစ်ကြီးနားမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေးဘေးသင့် လက်ဝှေ့ကလပ်များအား အားကစားပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ တက်ရောက်လာသည့် လက်ဝှေ့ကလပ်အသင်းများမှ တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးက ရေဘေးသင့် Kick Boxing Camp Kachin (KCK) ကလပ်၊ ဟူးကောင်းကျားကလပ်၊ ရွှေအောင်လှံကလပ်၊ တစ်ကောင်ကျားကလပ်နှင့် ဦးဒဿကလပ်တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁၀)အိတ်၊ ဆီ(၅၀)ဗူးနှင့် လက်ဝှေ့အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကလပ်အသင်းများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် ရေဘေးသင့်လက်ဝှေ့ကလပ်များကိုယ်စား ကချင်ပြည်နယ်မြန်မာ့ရိုးရာ လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျားလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)