လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပြပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လယ်ဝေး ဇူလိုင် ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေနံနက် (၉) နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)က ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး ဝင်ရောက်ယှဥ်ပြိုင်သည်။

ထို့နောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)