မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ က (စ)ရပ်ကွက် သန္တာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး မြောက်ဥက္ကလာပမြို့နယ် သန့်ရှင်းရေးတာဝန်ခံရုံးမှ တာဝန်ခံ ဦးကျော်မင်းထွန်းက (စ)ရပ်ကွက် ပြည်သူများ လွယ်ကူအဆင်ပြေစွာ အမှိုက်စွန့်ပစ်နိုင်ရေးအတွက် အမှိုက်သိမ်းဆည်းမှု စနစ်တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် အမှိုက်အမျိုးအစားအလိုက် စနစ်တကျ စွန့်ပစ်ရေးကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇင်ဘိုက ရပ်ကွက်အတွင်းအမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန် ဆောင်ရွက်ထားရှိများကို ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသူ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
မြမြဝင်း(ပြန်/ဆက်)