မြစ်ကြီးနား ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြကာ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီး ကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ဒုတ္တန်)ဝင်းအတွင်း ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကြသည်။
အဆိုပါ ကျောင်း၌ ပထမနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကျောင်းသား/ ကျောင်းသူ (၆၉)တို့အား ဘာသာရပ်အလိုက် နည်းပြဆရာ၊ ဆရာမများက ပညာသင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား ပေးခဲ့ကြပြီး ကျောင်းစာသင်ခန်းအတွင်း စာသင်ခုံလိုအပ်ချက်နှင့် ပုံနှိပ်စာအုပ်များအား လေယာဉ်ဖြင့် တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမ များအတွက် ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် လုံးစွတ်ရပ်ကွက်အတွင်း မွေးမြူရေးတောင်သူ ဦးမကူနော်အောင်၏ ခြံဝင်း အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးမွေးကန် နှစ်ကန်တူးဖော်၍ ငါးကြင်း၊ ရွှေဝါ၊ တီလားပီး ယား၊ ငါးနီ စသည့် ငါးမျိုးကောင်ရေ ၅၀၀၀၀ ကျော် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ရရှိမှု၊ စီးပွားဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ထပ်တိုးချေး ငွေများ ရင်းနှီးမတည်ပေးနိုင်ရေး၊ အဆိုပါ ရပ်ကွက်တွင်းလမ်း ခင်းကျင်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန်းလှိုင်ရပ်ကွက်သို့ သွားရောက်ပြီး အကွက်အမှတ် (၃) မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧကပေါ်တွင် တောင်သူ ဦးကျော်အေးပါ အစုအဖွဲ့ အဖြင့် ငါးမွေးမြူရေးလုပ်ငန်းအတွက် မွေးမြူရေးကန် (၉)ကန် တူးဖော်ဆောင်ရွက်ထားရှိမှု အခြေ အနေများ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ရေးအတွက် ငါးသားဖောက်စခန်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်သွားမည့် အစီအစဉ်များအား တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ငါးမွေးမြူရေးလုပ်ငန်းအတွက် ကနဦးတင်ပြ တောင်းခံလာသည့် ငွေကျပ်သန်း ၆၀ အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုး မတည်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြကာ ငါးမွေးမြူရေးကန်များ တူးဖော်ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်းရှိ စူပါဝမ်း ဝါးတူ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး စက်ရုံတာဝန်ရှိသူက ဝါးတူ ထုတ်လုပ်ရေးလုပ်ငန်း ထူထောင်ဖွင့်လှစ်ထားခဲ့မှု အခြေအနေများနှင့် စက်ယန္တရားများဖြင့် ဝါးမှ ဝါးတူအဆင့်ထိ ပြုလုပ်ပုံ အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စက်ရုံအတွက် လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မှ ချေးငွေမတည်ပေးနိုင်ရေးနှင့် စက်ရုံအဝင်သွားလမ်း ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)