စဉ့်ကိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့ နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းက ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ သင်ကြားရေးနှင့် သုတေသနစာတမ်းများ၊ သုတေသနလုပ်ငန်းများအပြင် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုမှု၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညွှန်ကြားချက်များကို ခံယူကာ သတ္တဗေဒဘာသာရပ်တွင် သင်ကြားနေသည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ဘွဲ့ရသည့်အခါ မိမိတို့သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို လုပ်ငန်းခွင်၌လည်ကောင်း၊ ကိုယ်ပိုင်တပိုင်တနိုင် ပျားမွေးမြူရေးလုပ်ငန်းများတွင်လည်းကောင်း အသုံးချနိုင်ရန် များစွာအကျိုးကျေးဇူးရရှိစေလိုသော ရည်ရွယ်ချက်များဖြင့် ယခုလို ပျားမွေးမြူရေးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဦးစီးဌာန(ခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပျားမွေးမြူရေးဆိုင်ရာ သိကောင်းစရာများအကြောင်းအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းကို စာတွေ့/လက်တွေ့ စတင်ပို့ချသင်ကြားပေးခဲ့ရာ သင်တန်းသား/သူများက စိတ်ဝင်တစား လေ့လာသင်ယူခဲ့ကြကြောင်းနှင့် သင်တန်းကို ၁၇-၇-၂၀၂၄ ရက်နေ့မှ ၁၈-၇-၂၀၂၄ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ရီရီဦး၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြင့်ရီနှင့် ဒေါက်တာနီနီယဉ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်း နှင့် ဆရာ/ ဆရာမများ၊ မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဌာန(ခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် သင်တန်းသား /သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ