ရွှေကူ ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အမှတ်(၄)ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်း သားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ယခုကဲ့သို့ ကျောင်းများအရောက် ကွင်းဆင်းကာ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “ လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ GRADE-9 ကျောင်းသူ မဝသုန်ဦးက “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ GRADE-9 ကျောင်းသား မောင်ထက်မြတ် ကိုကိုက “လူငယ်နှင့်လိုအပ်ချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာမြင့်ကလို အပ်သည်များကို ထပ်ဖြည့်ဆွေးနွေးကာ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနက ခင်းကျင်းပြသထားသည့် လူငယ်များအတုယူစရာအာဇာနည် ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)