စဉ့်ကိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများအား တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း တစ်ပြိုင်တည်း ကောက်ယူသောလုပ်ငန်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်းမှာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ သန်းခေါင်စာရင်း ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူများနှင့် ထည့်မကောက်ရမည့်သူများအကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေပုဒ်မများနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ၁၅ ရက်ကြာ ကောက်ယူကြမည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများကို Power Point ဖြင့် အသေးစိတ် ချပြရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)