နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံအတွင်းဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှုကာကွယ်နိုင်ရေး၊ သဲနှုန်းအနည်ကျလျော့နည်းစေရေး အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မိုးရာသီဇူလိုင်လသည် သစ်ပင်စိုက်ပျိုးတဲ့လဖြစ်ပြီး “ဥတုရာသီတောကိုမှီ” ဆိုသကဲ့သို့ သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းပါမှ သစ်တောဖုံးလွှမ်းမှု ဂေဟစနစ်ကောင်းမွန်ပြီး လူသန်းပေါင်းများစွာ လိုအပ်တဲ့ အစားအစာ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင် အစရှိသော သစ်တောထွက်ပစ္စည်း အမျိုးမျိုးရရှိနိုင်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းတည်ရှိသော ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများတွင် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးလာစေရန်၊ ပတ်ဝန်းကျင်ရေရှည် တည်တံ့စိမ်းလန်းစိုပြည်စေရန်၊ တမံများကိုသက်တမ်းရှည်ကြာစွာ အကျိုးရှိရှိအသုံးပြုနိုင်စေရန်၊ ရာသီဥတုဆိုးရွားစွာပြောင်းလဲမှုများမှကာကွယ်နိုင်ရန်၊ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငလိုက်ရေလှောင်တမံ၏ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များရဲ့ စံပြနယ်မြေ Green City, Clean City, Smart City အဖြစ် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် နေပြည်တော်အတွင်းရှိ ဆည်၊ ကန်၊ တာတမံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ အကျိုးဖြစ်ထွန်းမှုများစွာရရှိရေး၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရေး၊ စိုက်ပျိုးမြေချဲ့ထွင်မှုမရှိစေရေးအတွက် သစ်တောသစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်များဆီသို့ ဂေဟစနစ်ကောင်းမွန်သော မြို့ပြလူနေမှုစနစ်ကို လက်ဆင့်ကမ်းအမွေပေးသွားရမှာဖြစ်ကြောင်း၊ တမံရေဝေရေလဲဧရိယာများတွင် သစ်ပင်သစ်တောများ ရှင်းသန်ကြီးထွား၍ သစ်တောဂေဟစနစ် ကောင်းမွန်လာစေရေး ဆောင်ရွက်ခြင်းအားဖြင့် ဆည်၊ တာတမံများ သက်တမ်းရှည်ကြာစွာ အကျိုးဖြစ်ထွန်း၍ စိုက်ပျိုးရေ၊ သောက်သုံးရေ ပြည့်ဝဖူလုံစွာပေးဝေနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံဝင်ရေလျော့နည်းခြင်းမှ ကာကွယ်နိုင်ရေးစတဲ့ အကျိုးကျေးဇူးများရရှိခံစားနိုင်ရေးအတွက် သစ်တောသစ်ပင်များ ရှင်သန်ကြီးထွားနိုင်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ ငလိုက်ရေလှောင် တမံရေဝေရေလဲဧရိယာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် ရတနာတန်းဝင် ကျွန်း၊ တမာ၊ မန်ကျည်း စသည့် သစ်မျိုးသုံးမျိုး၊ အပင်ပေါင်း ၅၆၀ ပင်ကို စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာတွင် လုပ်ငန်းရှင် ဦးထင်လင်း၏ ဇီဝဇိုးငှက် မွေးမြူရေးခြံသို့ ရောက်ရှိကြည့်ရှုအားပေးရာ ခြံတာဝန်ခံက ဇီဝဇိုးငှက်များ မွေးမြူထားရှိမှုအခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)