ထားဝယ် ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း/အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထားဝယ်တပ်နယ်မှတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာအရာထမ်းအမှုထမ်းများတို့က ကျောင်းဝင်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက လှည့်လည်၍ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား/သူများ၊ ဆရာ/မများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/သူများသည် စာကြည့်တိုက်မှတဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဇာတိမာန်ထက်သန်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း (၃)ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်ဟောင်းကိုလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)