ပူတာအို ဇူလိုင် ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြည်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကျိုးပြုသည့် ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၇)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ပူတာအိုလေဆိပ်သွား လမ်းဘေး မြေကွက်လပ်၌ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်တို့က ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ သစ်လုပ်ငန်းရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စိုက်ပျိုးမည့်ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သစ်လုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့်က သတ်မှတ်ထားသည့် မြေနေရာများတွင် အမြင့်နှစ်ပေအထက်ရှိ အပင်ပေါင်း(၇၅၀)ပင်ကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများ အားကြည့်ရှုအားပေးပြီး ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ် ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်နှစ်ပေအထက်ရှိ ရေပိတုန်းအပင် ပေါင်း(၄၀၀)ပင်၊ သစ်အယ်အပင်ပေါင်း(၂၀၀)ပင်၊ တောင်တမာအပင်ပေါင်း(၅၀)ပင်၊ လောက်ယားအပင်ပေါင်း (၅၀)ပင်၊ ကံ့ကော်အပင်ပေါင်း(၅၀)ပင် စုစုပေါင်းအပင်ပေါင်း (၇၅၀) ပင်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မြို့နယ်သစ် တောဦးစီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် လူထုဖြန့်ဝေနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၁၉၄၀၀)ပင် ပျိုးထောင်ထားရှိကာ ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)