နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်၍ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၅

ကချင်ပြည်နယ် မိုးသည်းထန်စွာ အဆက်မပြတ်  ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန်လ ၃၀ ရက်နေ့ကစတင်၍ စံချိန်တင်မြစ်ရေကြီးမြှင့်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အမျိုးသမီးစွမ်းဆောင်ရှင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုသားဖွားသင်တန်းကျောင်းနှင့် ပညာရေးကောလိပ် တို့မှသင်တန်းသား/သင်တန်းသူများ၊ ဆုရအမျိုးသမီးများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်‌‌ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက အဖွင့်အမှာစကားပြော ကြားရာတွင် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစား ဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့် အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရေး မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုကို  အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် ယခုလို မြန်မာ အမျိုးသမီးများနေ့ကိုကျင်းပပြီး ပြည်နယ်အဆင့်ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ် ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေတွင် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုမိုများပြားလျက်ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီး စွမ်းအားစု၏ စွမ်းဆောင်ပါဝင်မှုကို ထိထိရောက်ရောက်ရယူရန် လိုအပ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေး‌ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်အဖြစ်၊ နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာအမျိုးသမီးများသည် လောကကို တာဝန်ယူမည့်သူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင်ဖန်တီးများဖြစ်သည့်အတွက် လူအဖွဲ့ အစည်းများမှတစ်ဆင့် အမျိုးသမီးများ၏အခွင့်အရေးများကို အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရေး တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကလည်း ဂုဏ်ပြုအမှာစကားပြောကြားရာ ကချင်ပြည်နယ်အတွင်းမှာလည်း နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့် မားနေပါကြောင်း၊ ယနေ့ အခမ်းအနားတွင် အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို အလေးထား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အဆင့်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ‌ရေးနှင့် အားကစားကဏ္ဍများတွင် ထူးချွန်သူများကို ဂုဏ်ပြုမှတ်တမ်း တင်နိုင်သည့်အတွက် ဝမ်းမြောက်ဝမ်း သာဂုဏ်ယူပါကြောင်း ပြောကြားသည်။

ယင်းနောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် စီးပွားရေးကဏ္ဍလှုပ်ရှားမှုထူးချွန်(ပထမဆု)ရရှိအောင်စွမ်းဆောင်ခဲ့သော ဥက္ကဋ္ဌဒေါ်လွင်လွင်မော်၊ နိုင်ငံ‌တော်အဆင့် အမျိုးသမီးကြက်ခြေနီထူးချွန်ဆုရ ဒေါ်အေးအေးငွေ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ လူမှုရေးကဏ္ဍဆိုင်ရာ ထူးချွန်ဆုရရှိသည့် ဒေါ်ခင်လေးမေတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးတို့က အမျိုးသမီးလုပ်ငန်းရှင်များအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးတို့က အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့၏ လုပ်ငန်းများတွင် ကာလကြာမြင့်စွာအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ လူရည်ချွန်ထူးချွန်ဆုရသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများ၊ အားကစားဆိုင်ရာ ကဏ္ဍများတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့က အမျိုးသမီးအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများနှင့် ကပြသီဆိုဖျော်ဖြေမှုအားလည်းကောင်း၊ မြန်မာအမျိုးသမီးများနေ့ ဗီဒီယိုကလစ် အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိ သူများက အခမ်းအနားတွင် တေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော အကအဖွဲ့ များအတွက် ဂုဏ်ပြုချီးမြှင့်‌ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြန်မာအမျိုးသမီးများ ဂုဏ်ပြုတေးသီချင်းနှင့် သီဆိုဖျော်ဖြေပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသားလူငယ်များ သက်မွေးပညာရပ်များ ကိုတတ်မြောက်ပြီး မိသားစုဝင်ငွေတိုးပွားစေရေး၊ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းရှင်များအဖြစ် တက်လှမ်းနိုင်ရေးအတွက် ကျောင်းအခြေပြု သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်သည်။

အဆိုပါ ကျောင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဒေသထွက်ရိုးရာချည်ထည် ထုတ်ကုန်များအား အဆင့်မြင့်နည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး ကွန်ပျူတာစနစ်ပါ စက်ပန်းထိုးစက် ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသခံတိုင်းရင်းသူလေးများအား စင်တီမီတာ အဆင့် မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများ၊ ‌သင်တန်းမှ သင်တန်းသားများ၏ ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသင်တန်းခန်းမ၌ မုန့်မျိုးစုံပြု လုပ်နည်းသင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းသူ (၂၀)ဦးဖြင့် တစ်လကြာ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး သင်တန်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ရပ်/ရွာအခြေပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် အောင်နန်းရပ်ကွက်အတွင်းရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မြစ်ကြီးနားမြို့တွင် မြစ်ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် မိမိတို့၏ နေအိမ်များတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် သဘာဝဘေးဖြစ်စဉ်ပြီးနောက် ကျန်းမာရေးအတွက် ရေတွင်း/ရေကန်များ သန့်ရှင်းရေးလုပ်ငန်းနှင့် နုန်းမြေများ သေချာစွာရှင်းလင်းဖယ်ရှားပြီးမှသာ သက်ကြီးဘိုးဘွားများနှင့် ကလေးငယ်များအား ပြန်လည်‌ရွှေ့ပြောင်းနေထိုင်ကြရန် အကြုံပြု တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ယခုလို သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရချိန်နှင့် ရင်ဆိုင်ပြီးချိန်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီး၏ အကြံပြုချက်များကို အလေးထားလိုက်နာပြီး နေထိုင်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အဆို ပါစခန်းရှိ အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၅၆)ဦးတို့အတွက် ဆန်(၅)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၀)ဖာ၊ ငါးသေတ္တာ (၁)ဖာ၊ ကုလားပဲ (၁)အိတ်နှင့် ရေသန့်ကတ် (၂၀)ကို အသီးသီးထောက်ပံ့ပေး အပ်ပြီး ရေဘေးရှောင်မိသားစုများက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ လိုအပ်ချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း မြစ်ရေမြင့်တက်မှုကြောင့် နှုန်းမြေများ တင် ကျန်နေမှုကို လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စက်ယန္တရားများဖြင့် နှုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)