မြဝတီ ဇူလိုင် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းပြည်ပဈေးကွက် ဖြန့်ဖြူးနိုင်ရေး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သတင်းအချက်အလက်၊ နည်းပညာ၊ ငွေကြေးပံ့ပိုးကူညီမှုတို့ဖြင့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရန်”ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။
ထို့သို့အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အလိုတော်ပြည့်လမ်းတွင်တည်ရှိသည့် “Lin Block (Celllular Light Weight Concretes)” အုတ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေကို ပြည်သူများသိရှိစေရန် အုတ်လုပ်ငန်းပိုင်ရှင် ဦးနေလင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး။ “Lin Block (Celllular Light Weight Concretes)” အုတ်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။
ဖြေ။ “Lin Block” အုတ်လုပ်ငန်းကို ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
မေး “Lin Block” အုတ်လုပ်ငန်းကို မိဘလက်ထပ်ကစတင်ပြီး လက်ဆင့်ကမ်း တည်ထောင်ခဲ့တာလား
သိပါရစေ။
ဖြေ။ “Lin Block” အုတ်လုပ်ငန်းကို ကိုယ်တိုင်တည်ထောင်ခဲ့ပါတယ်။ မိသားစုစီးပွားရေး လုပ်ငန်းပါ။
မေး။ “Lin Block” အုတ်လုပ်ငန်းကို ထုတ်လုပ်ရခြင်း ရည်ရွယ်ချက် သိပါရစေ။
ဖြေ။ ဟုတ်ကဲ့ပါ၊ “Lin Block” အုတ်လုပ်ငန်းကို ထုတ်လုပ်ရခြင်း အဓိကရည်ရွယ်ချက်ကတော့ မြေအုတ်နေရာမှာ အစားထိုး အသုံးပြုခြင်းအားဖြင့် မြေဆီလွှာထိန်းသိမ်းနိုင်ခြင်း၊ ထင်း၊ မီးသွေး အသုံးပြုရတဲ့အတွက် သစ်တော၊ သစ်ပင်ပြုန်းတီးမှုမှ ကာကွယ်နိုင်ခြင်းနှင့် ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်၊ မိမိပတ်ဝန်းကျင်မှာလည်း အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးခြင်းအားဖြင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး။ “Lin Block” အုတ်လုပ်ငန်းမှ ထုတ်လုပ်ထားတဲ့ အရွယ်အစားနှင့် အရေအတွက် သိပါရစေ။
ဖြေ။ အုတ်ထုတ်လုပ်မှုအနေနဲ့ အရွယ်အစား သုံးမျိုးထုတ်လုပ်ပါတယ်။ အုတ်အရွယ်အစား ပထမ အမျိူးအစား ၆၀၀ မီလီမီတာ၊၂၀၀ မီလီမီတာနှင့်၁၀၀ မီလီမီတာ၊ ဒုတိယအမျိူးအစား ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနှင့် ၁၅၀ မီလီမီတာ၊ တတိယအမျိူးအစား ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနှင့် ၂၀၀ မီလီမီတာဖြင့် သုံးမျိုးထုတ်လုပ်ပါတယ်။ ဒါ့အပြင် အုတ်တံတိုင်း ကာရံတဲ့အခါမှာသုံးသည့် အလှကွက်အုတ်ဘောင် ထုတ်လုပ်ပါတယ်၊ Colour ရောင်စုံအုတ် ထုတ်လုပ်ပါတယ်။
မေး။ “Lin Block” အုတ်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ သိပါရစေ။
ဖြေ။ ဝန်ထမ်းဦးရေ အမျိုးသားစုစုပေါင်း ခြောက်ဦး ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် စီစဉ်ပေးထားပါတယ်။ ကျန်းမာရေး အစစအရာရာ စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဝန်ထမ်းတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။
မေး။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ၊
အုတ်လုပ်ငန်းနေ့စဉ်ဆောင်ရွက်မှုရှိပါသလား သိပါရစေ။
ဖြေ။ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်အားခ ကျပ် ၁၁၀၀၀ ပါ၊ အမြင့်ဆုံး တစ်နေ့ဝန်ထမ်းတစ်ဦး လုပ်အားခ ကျပ် ၁၃၀၀၀ ပေးပါတယ်။ အုတ်လုပ်ငန်း နေ့စဉ်ဆောင်ရွက်ပါတယ်။
မေး။ “Lin Block” အုတ်လုပ်ငန်း လုပ်ကိုင်ဖြန့်ဖြူးပေးမှု အခြေအနေနှင့် ရောင်းချပေးမှု ဈေးနှုန်းအမျိုးအစားသိပါရစေ။
ဖြေ။ ရောင်းချပေးမှုအနေနဲ့ကတော့ Customer အများစု ဖုန်းဖြင့်ဆက်သွယ် မှာယူပါတယ်။ လူကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ဝယ်ယူလျှင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်၊ ရောင်းချပေးမှု ဈေးနှုန်းကတော့ ၆၀၀မီလီမီတာ၊ ၂၀၀မီလီမီတာနှင့် ၁၀၀ မီလီမီတာအရွယ် အစားတွက် ကျပ်၂၈၀၀ပါ၊ ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနှင့် ၁၅၀ မီလီမီတာ အရွယ်အစား ၄၁၀၀ ကျပ်နှင့် ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနှင့် ၂၀၀ မီလီမီတာ ကျပ်၅၆၀၀နဲ့ ဖြန့်ဖြူးရောင်းချပေးပါတယ်။ ရောင်းချမှုအခြေအနေ ကန်ထရိုက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်၊ တည်ဆောက်ရေးလုပ်ငန်း (Construction) အများစုနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပါတယ်။
မေး။ “Lin Block” အုတ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ မှာယူရရှိမှု အခြေအနေ သိပါရစေ။
ဖြေ။ အုတ်ထုတ်လုပ်ရာမှာ အခြေခံအားဖြင့် သဲ၊ ဘိလပ်မြေ၊ Foaming Agent၊ တဆေးနှင့် ရေတို့ကို အချိုးအစားအတိုင်း စက်နဲ့ဖျော်စပ်ပြီး ရရှိလာတဲ့အခါ ပုံစံခွက်ထဲသွင်းလောင်းပြီး အပူချိန်အတိုင်းအတာ စောင့်ပြီးCutting ပိုင်းမှာ စက်အရေအတွက် နှစ်ခုနှင့်ဖြတ်ပါတယ်၊ နောက်တစ်ဆင့်အနေနဲ့ ၁၂နာရီကြာအောင်ထားရှိပြီး အချောထည် ထွက်ရှိပါတယ်။ ကုန်ကြမ်းဝယ်ယူမှုအနေနဲ့ မြို့ပေါ်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်က မှာယူပါတယ်၊ သဲကိုတော့ သောင်ရင်းမြစ်ထွက်ရှိတဲ့ သဲကိုသဲစက်မှမှာယူ ပါတယ်။
မေး။ “Lin Block” အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်ထွက်ရှိမှု ပမာဏအခြေအနေ သိပါရစေ။
ဖြေ။ အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်မှု ပမာဏအနေနဲ့ကတော့ ပုံစံခွက်ကန်အကြီး တစ်နေ့ အလုံး ၂၀ ထွက်ရှိပါတယ်၊ အဲဒီကမှတစ်ဆင့် အုတ်အလုံးအရွယ်အစားလိုက် ပြန်လည်ဖြတ်တောက်ပါတယ်။
မေး။ ဘလောက်အုတ်မှာယူအသုံးပြုမှု အခြေအနေ သိပါရစေ။ နောက်ထပ်အုတ်လုပ်ငန်း တိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလား သိပါရစေ။
ဖြေ။ လုပ်ငန်းရှင်အနေနဲ့ ဂိုထောင်တည်ဆောက်အသုံးပြုဖို့အတွက် မှာယူတာများပါတယ်၊ အိမ်ဆောက်ရန် အသုံးပြုသူတွေ မှာယူပါတယ်။ လုပ်ငန်းတိုးချဲ့မှု ဆိုင်ခွဲဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ ရန်ကုန်မြို့မှာ ထပ်မံဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အရည်အသွေး ထပ်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
မေး။ နိုင်ငံတော်က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တစ်ပိုင်တစ်နိုင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသလို မိမိဒေသခံ ပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်နှင့် ယနေ့ခေတ် လူငယ်လေးတွေ အားကျအတူယူဖွယ် မိမိကိုယ်တိုင်စီးပွားရေးဖန်တီးဖော်ဆောင်နိုင်မည့် ခွန်အားပေးစကား သိပါရစေ။
ဖြေ။ ကျွန်တော်ကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်ပေါ်မှာ စေတနာထား လုပ်ကိုင်ဆောင်ရွက်လျှင် စေတနာအကျိုး ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ ခွန်အားဖြစ်စေမယ့် အားပေးစကားအနေနဲ့ကတော့ မည့်သည့်လုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံး တစ်စိုက်မတ်မတ် လေ့လာသင်ယူဖို့ လိုပါတယ်၊ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်၊ ထိုမှသာသူများထက် ပိုအောင်မြင်နိုင်မှာ ဖြစ်ပါတယ်၊ ကိုယ်သင်ယူထားတဲ့ ပညာထက် ပိုတတ်အောင် အစဉ်လေ့လာသင်ယူသင့်တယ်၊ မိသားစု ဝင်ငွေတစ်ဖက်တစ်လမ်းမှ ကူညီနိုင်မှာ ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေလာလျှင် လူမှုစီးပွားဘဝ တိုးတက်လာမှာ ဖြစ်ပါတယ် ပြောကြားချင်ပါတယ်။
နိုင်ငံတော်မှ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝဆောင်ရွက်ပေးသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ (MSME) အသင်းဝင်ကတ် ထုတ်ပေးပြီး အသေးစားစီးပွားရေးလုပ်ငန်း ၁၉၃ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၂၅ ခု စုစုပေါင်း ၂၁၈ ခုရှိကြောင်း ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမာထံမှ သိရသည်။
ဇာဖြူဝင်း(မြဝတီ)