ကွန်ဟိန်း ဇူလိုင် ၅
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူငယ်များ မိမိအသိပညာစွမ်းရည်များတိုးတက် မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာစောင်တွေ ဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်ရန် စာပေဗဟုသုတတွင်သာရှိပါကြောင်း၊ မိမိ၏ဘဝကို တိုးတက်မြင့်မားလာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက စာအုပ်စာပေများမှရရှိလာသည့် အသိပညာဗဟုသုတများဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားလည်း အရေးကြီးကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)