ငါန်းဇွန်မြို့ အမှတ်(၃)အ.မ.က၌ လူငယ်ရေးရာ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသ

ငါန်းဇွန် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသားလူငယ်များအနေဖြင့် မှန်ကန်သော ဘဝရည်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ လူငယ်များအရည်အသွေးပြည့်ဝစေဖို့ အတတ်ပညာလိုအပ်သလိုအသိပညာဆိုတဲ့ တွေးခေါ်မျှော်မြင်တတ်မှုသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ အသိပညာ အတတ်ပညာ နှစ်မျိုးလုံးကိုရရှိဖို့ အတတ်ပညာကို ကြိုးစားသင်ယူရမှာ ဖြစ်သလိုအသိပညာကိုလည်း ကိုယ်တိုင်လေ့လာဆည်းပူးရမှာဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာပြည့်ဝစေဖို့ သုတရသစာပေကို လေ့လာဆည်းပူးကြိုးစားအားထုတ်ပါက အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိကြမည်ဖြစ်ကြောင်း လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးဒေါ်ချိုမြင့်ကြည်က “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။                           

သက်နောင်ဦး