တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်မှာ မိုးစပါး (၂၂၂၇၁၇)ဧက၊ နွေစပါး(၈၁၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းအနေဖြင့် (၁၆၇၁၇၀၄၆)တင်း ထွက်ရှိကာ ဒေသဝမ်းစာဖူလုံမှု (၇၃.၄၄%)သာရှိသည့်အတွက် ဒေသဝမ်းစာဖူလုံမှုရှိစေရန် တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားစွာရရှိရေး တောင်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းပြီးချိန် နွေစပါးအားစိုက်ပျိုးမည်ဆိုသည်ထက် နွေစပါးနှင့်ပဲမျိုးစုံအား စိုက်ပျိုးမည်ဆိုပါက လာမည့်နှစ်တွင် စားဝတ်နေရေးအဆင်ပြေနိုင်ကြောင်း၊ ပဲမျိုးစုံအား ကြိုးစားပြီး စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဆန်စပါးနှင့်ဆန်ရိက္ခာဖူလုံရေးအတွက် အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထားဝယ်ဒေသ၏အရှေ့ဘက်တွင် တောတောင်များပေါများပြီး ဥယျာဉ်များ စိုက်ပျိုးထားရှိကြကာ အဓိကအရှေ့တောဒေသတွင် ကွမ်းသီးပင်များ စိုက်ပျိုးထားရှိကြကြောင်း၊ ပြီးခဲ့သည်နှစ်က ကွမ်းသီးဈေးနှုန်းများ လျော့နည်းကျဆင်းသွားသောကြောင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရသည်ကို သိရှိရကြောင်း၊ ကွမ်းသီးပင်များအကြားတွင် ကော်ဖီပျိုးပင်များကို ကိုးပင်များ စိုက်ပျိုးမည်ဆိုပါက(၃)နှစ်အတွင်း ကွမ်းသီးဈေးကျပါက ကော်ဖီနှင့် ကိုကိုးပင်များ စိုက်ပျိုးထားသောကြောင့် စားဝတ်နေရေးအဆင်ပြေနိုင်မည်ဖြစ်၍ တောင်သူများအနေဖြင့် စိုက်ပျိုးထားရှိရန်လိုအပ်ကြောင်း၊ ကွမ်းသီးပင်များအကြားတွင် ကိုကိုးပင်၊ ကော်ဖီပင်များ‌အောင်မြင်ဖြစ်ထွန်းကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူများအတွက် ယခုနှစ်မှစ၍ ကော်ဖီပျိုးပင်(၈)သိန်း သီးညှပ်အနေဖြင့် စိုက်ပျိုးရန်လျာထားကြောင်း၊ ကော်ဖီပျိုးပင်များအား အခမဲ့ထောက်ပံ့ပေးအပ်မှာဖြစ်ပြီး တောင်သူများအနေဖြင့် သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ် စိုက်ပျိုးရေးမန်နေဂျာနှင့် ချိတ်ဆက်ပြီး စိုက်ပျိုးမည်ဆိုပါက လာမည်နှစ်များတွင် အကျိုးရှိမည်ဖြစ်ကြောင်း၊ ပဲမျိုးစုံကိုလည်း ထည့်သွင်းစိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိဒေသအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများစွာလိုအပ်ကြောင်း၊  တိုင်းဒေသကြီးတွင် သား/ငါးများ ပေါပြီးငါးများအား အဓိကထားစားသုံးကာ ပင်လယ်မှ ငါးတန်(၂)သိန်းထွက်ရှိသောကြောင့်  သားငါးများအတွက် မကြောင့်ကြရကြောင်း၊ အဓိကဆန်နှင့်ဆီအား ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထိုက်က ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ပံ့ပိုးထားရှိသည့် ကော်ဖီမျိုးကောင်းမျိုးသန့်ပျိုးပင် (၈)သိန်းနှင့် ကိုကိုးမျိုးကောင်းမျိုးသန့် ပျိုးပင်(၂)သိန်းတို့အား တောင်သူများထံ ဖြန့်ဝေခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ သဘာဝဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ တောင်သူများကိုယ်စား တောင်သူ ဦးအောင်နေစိုးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်၊ တောင်သူ(၇၂၁)ဦး၊ စိုက်ဧက(၂၈၂၀)ဧကအား ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများ တည်ထောင်ဆောင်ရွက်လျက်ရှိပြီး ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်မော်ကျေးရွာတွင် တောင်သူ(၉၅) ဦး၊ စပါးစိုက်ဧက(၃၁၀)၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာတွင် တောင်သူ(၁၀၄)ဦး၊ စပါးစိုက်ဧက(၃၀၀)၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာတွင် တောင်သူ(၇၁)ဦး၊ စပါးစိုက်ဧက (၃၀၀)နှင့် ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာတွင် တောင်သူ(၁၂၂)ဦး၊ စပါးစိုက်ဧက (၃၀၀)ဧကတို့အား ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစိုက်ဧကများအတွက် တစ်ဧကလျှင် မျိုးစပါး(၁)တင်း၊ သဘာဝမြေဩဇာ(၁)အိတ်နှင့် ကွန်ပေါင်းဓါတ်မြေဩဇာအိတ်ဝက်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်  မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် မျိုးစပါးတင်း(၅၀၀၀)အားဖြန့်ဝေသွားမည်ဖြစ်ကာ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအတွက် (၂၆၂၅)တင်အား ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)