ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဇူလိုင် ၄ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ဆောင်ရ မည့် လုပ်ငန်းစဉ်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းနှင့်ပတ်သက်သည့် ရန်ပုံငွေစီမံခန့်ခွဲမှုနည်းစနစ်များနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာများ၊ ကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စီမံကိန်းလက်စွဲစာစောင်ပါ မူဘောင်များနှင့် စည်းကမ်းချက်များကို စာတွေ့လက်တွေ့ စနစ်တကျဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာနှင့် ရွာသာယာကျေးရွာတို့မှ ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင် (၁၄) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)