ပုဗ္ဗသီရိ ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာတွင် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးလုပ်ကိုင်သော သမဝါယမအသင်းသား တောင်သူများအား မျိုးသွင်းအားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော် တိုင်းသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ တိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထက်အောင်ကျော်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင့်၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသမဝါယမအသင်းဥက္ကဋ္ဌနှင့် အသင်းသားများ၊ ကျေးရွာတာဝန်ခံများ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့သည်။
ထို့နေက် အခမ်းအနားတွင် နေပြည်တော် တိုင်းသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက နိုင်ငံတော်မှ ထောက်ပံ့ထားရှိသည့် ငွေများအား (၆)လတစ်ကြိမ် အတိုးကောက်ခံသွားမည်ဖြစ်ပြီး၊ (၁)နှစ်ပြည့်လျှင် အရင်း/အတိုးများ ပြန်လည်သိမ်းယူမည်ဖြစ်ရာ ထောက်ပံ့ငွေများအား အလွဲသုံးစားမပြုကြရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့တွင် တိုးပွားအောင် လုပ်ကိုင်ဆောင်ရွက်ရန်များကို တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က ပြောကြားရာတွင် လယ်ယာမြေပေါ်များတွင် အခြားနည်းများဖြစ်သည့် အိမ်ဆောက်ခြင်း၊ ခြံခတ်ခြင်း၊ ဥယျာဉ်မြေစိုက်ပျိုးခြင်းများ မပြုလုပ်ရန်၊ လူဦးရေတိုးတက်လာသည်နှင့်အမျှ လယ်ယာမြေများ တိုးချဲ့၍ စပါးအား ဦးစားပေးစိုက်ပျိုးရန်၊ လယ်ကသင်းရိုးပေါ်ရှိ ချုံနွယ်၊ မြက်ရိုင်းများအတွင်း ကြွက်၊ မြွေများ မခိုအောင်းနိုင်ရေးရှင်းလင်းရန်၊ ဆက်လက်၍ တိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားရာတွင် ထောက်ပံ့ငွေနှင့်ပတ်သတ်၍ အရင်းမပျောက် မတည်ငွေစနစ်ကျင့်သုံးမည့် အခြေအနေအားလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးကျော်အောင်က ထောက်ပံ့ငွေထုတ်ပေးမှုနှင့် ပတ်သတ်၍ လုပ်ဆောင်ချက်များအား ရှင်းလင်းခြင်း၊ သမအသင်း(၁၅)သင်းအတွက် တစ်ကျပ်တိုးနှုန်းဖြင့် အသင်း(၁၅)အတွက် (၄၄၉)သိန်း(၉)သောင်းကျပ်အား ထောက်ပံ့ပေးမှုနှင့် ပတ်သတ်၍ ငွေများအား အကျိုးရှိမည့်နေရာတွင် အသုံးပြုရန်၊ သမဝါယမဦးစီးဌာနမှ ထုတ်လုပ်သည့် စန်းဝတီသဘာဝမြေဩဇာအား သီးနှံပေါ်ပေးစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်းတို့အား ရှင်းလင်းခဲ့ကာ ၊ ချေးငွေ (၄၄၉)သိန်း (၉)သောင်းကျပ်၊ မာတီပလပ် (၁၅)ပတ်လည် (၁၀၈)အိတ် နှင့် GW-11 မမျိုးစပါး (၁၀၅)တင်းတို့အား ထောက်ပံ့ပေးခဲ့ရာ အေးမြင့်သာယာအုပ်စုမှ ကျေးရွာသမဝါယမအသင်းတာဝန်ခံဥက္ကဋ္ဌ ဦး၀င်းလှိုင်နှင့် အသင်း(၁၅)သင်းမှ အုပ်စုလိုက် တာဝန်ခံဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်