မီးသတ်ဦးစီးဌာန၏ အရေးပေါ်မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျောင်းသားကျောင်းသူများ မျက်မြင်လေ့လာ သိရှိနိုင်စေရန်အတွက် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

ကျောက်ပန်းတောင်း ဇူလိုင် ၅

အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ မျက်မြင်ကိုယ်တွေ့လေ့လာသိရှိနိုင်စေရန်အတွက်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြဇာတ်တိုက်လေ့ကျင်းခြင်းကို၊ ဇူလိုင် (၅) ရက်နေ့ နံနက် (၉) နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ မြို့ရှေ့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသဆောင်ရွက်ရသည့် လုပ်ငန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အစီအစဉ်အတိုင်း အထပ်မြင့်အဆောက်အဦတွင် မီးလောင်မှုဖြစ်ပွားခြင်းအား မီးငြှိမ်းသတ်ခြင်းနှင့် ပိတ်မိလူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်လူနာများအား အဆောက်အဦများအတွင်းမှ ရှာဖွေကယ်ဆယ်ခြင်းနှင့် ဆေးဝါးကုသနိုင်ရန် အချိန်မီပို့ဆောင်ခြင်းနှင့် ဂက်စ်မီးလောင်မှု ငြိမ်းသတ်နည်းများကို သတ်မှတ်တာဝန်ကိုယ်စီဖြင့် အစုအဖွဲ့အလိုက်ဆောင်ရွက်ပြသကြသည်။ ယင်းနောက် မီးငြှိမ်းသတ်အဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသက်နိုင်၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းတို့က ဂုဏ်ပြုဆုငွေများပေးအပ်ရာ သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်မီးသတ် ဦးစီးမှူးကခင်းကျင်းပြသထားသည့် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများကို လိုက်လံရှင်းလင်းပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှုလေ့လာကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖလုပ်ငန်းရှင်များ၊ မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့လှိုင်နှင့် ဆရာ/ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၂၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင် (ပြန်/ဆက်)