မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သင်တန်းကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးတို့အား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဝင်းခိုင်ဦးက ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း၊ ကျေးရွာသယံဇာတမြေပုံရေးဆွဲခြင်း၊ ရာသီခွင်ပြက္ခဒိန်ရေးဆွဲခြင်း၊ စီမံချက်ပါအချက်အလက်များ ကောက်ယူရမည့်ပုံစံတို့အား ရှင်းလင်းပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အိုင့်၊ ဂွေးကုန်း၊ တောင်းကောက်၊ အိုင်ကြီးလည်၊ မကျီးကုန်း၊ ဥယျဉ်၊ ရွာသစ်၊ ငဆက်ကန်၊ ကန်ခြား(တောင်)၊ အင်အုန်း၊ ဂွေးချို၊ သီးကုန်း၊ ရေဝေ၊ ဇီးချိုကုန်း ကျေးရွာများမှ ကျေးရွာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)