ကျိုင်းတုံတက္ကသိုလ်၌ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူး/လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချရသော ပြောင်းရွှေ့သွားလာမှုဆိုင်ရာများ၊ လူကုန်ကူးမှုခံရနိုင်သည့်အခြေအနေများနှင့် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များ၊ ဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။

ထို့‌နောက် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ)တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)