ဆီဆိုင် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် (၁၉) ရက်နေ့မှာ ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(နောင်မွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းတင်က အမှာစကားပြောကြားပြီး ဆရာမ ဒေါ်နန်းမျိုးမျိုးစမ်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိသမိုင်းကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် Grade-12 ကျောင်းသူ နန်းရတနာဦးမှ “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြကာ ဆရာ၊ ဆရာမများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမင်း(ဆီဆိုင်)