မိုးနဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ပျိုးသူ တောင်သူများအား မြေဩဇာထောက်ပံ့ပေးအပ်

မိုးနဲ ဇူလိုင် ၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဇော်မော်ဦးက ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများဖြစ်သော စပါးဧက ၃၀ ၊နေကြာ ၅ ဧက ၊အစေ့ထုတ်ပြောင်း ၅ ဧက ၊ မြေပဲ ၁၀ ဧက၊ ပဲပုပ် ၅ ဧက စုစုပေါင်း ၅၅ ဧကအတွက် တစ်ဧကလျင် ကွန်ပေါင်းနှင့် ယူရီးယားတစ်အိတ်‌စီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)